မဟာစည်ဆရာတော်

၁၃၀၃-ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော အစိုးရ ဓမ္မာစရိယ စာမေးပွဲ၌ ဝင်ရောက် ဖြေဆိုရာ ကျမ်းရင်း ၃-ကျမ်းနှင့် ဂုဏ်ထူး ငါးကျမ်းတို့ကို ချောမောစွာ ဖြေဆို အောင်မြင်တော်မူ၍ သာသန ဓဇသိရီပ၀ရ ဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးဘေးကြောင့် ၁၃၀၃-ခုနှစ် နတ်တော်လမှစ၍ ဇာတိရပ် ဆိပ်ခွန်၌ ပြန်၍နေလျက် အခွင့်သင့်သောအခါတိုင်း ဝိပဿနာလုပ်ငန်းတရားကို ဆက်လက်၍ ဟောကြားညွှန်ကြားရာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ထွန်းကားလာခဲ့ပါသည်။ ထိုအခါက သီတင်းသုံးရာဌာနဖြစ်သော မဟာစည်ကျောင်းကို စွဲမှီ၍ အရှင်သောဘနကို မဟာစည်ဆရာတော် ဟု ခေါ်ဝေါ် ခဲ့ကြပါသည်။

ဝိပဿနာယောဂီတပည့်တို့၏ တောင်းပန်ချက်အရ အရှင်သောဘနသည် ၁၃၀၅-ခုနှစ်က ယခုအခါ နာမည်ကျော်ဖြစ်သော ဝိပဿနာရှုနည်းကျမ်းကို (ပ-ဒု ၂-တွဲ)ကို ရေးသားပြုစုတော်မူခဲ့ပသည်။ စာမျက်နှာ (၉၅၀)ခန့်ရှိ ထိုကျမ်းကို ခုနစ်လအတွင်းမှာ ရေးသားပြုစု၍ ပြီးခဲ့ပါသည်။ ယနေ့အထိ ထိုကျမ်းကို ရှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ်ထုတ်‌ဝေပြီး ဖြစ်ပါသည်။

၁၃၁၁-ခုနှစ် တန်ဆောင်းမုန်းလတွင် မဟာစည်ဆရာတော်ကို ရန်ကုန်မြို့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပင့်ဆောင်လာသဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ နတ်တော်လပြည့်မှစ၍ ဝိပဿနာလုပ်ငန်း တရားကို ဟောကြားပြသတော်မူပါသည်။

မဟာစည်ဆရာတော်ဘုရား၏ စနစ်ကျသော ဝိပဿနာရှုနည်းကို နှစ်ခြိုက်သဘောကျသူများ တစ်နေ့တစ်ခြား များပြားလာခဲ့ပါသည်။ စစ်ဖက်နယ်ဖက် အရာရှိများ ပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်များ ကုန်သည်ပွဲ စားများမှစ၍ လူတန်းစားမရွေး သာသနာ့ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန်ဝိပဿနာတရားကို အားထုတ်ခဲ့ ရာ၌ ထိုသူတို့တွင် တရား၏အရသာကို ကိုင်တွယ်တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်ပါသည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပင် မဟာစည်ဩဝါဒခံ ရိပ်သာပေါင်း ၂၀၀-ကျော်ရှိနေ သဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ရှိသော သာသနာ့ရိပ်သာများ၌ တရားအားထုတ် ခွင့် ရခဲ့ပါသည်။ မဟာစည်ဆရာတော်၏နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသောမြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပြန့်နှံ့ခဲ့ပါသည်။ ယခုအချိန်အထိ ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးသူပေါင်း (သုံးသောင်းလေးထောင်ကျော်ရှိ၍) တစ်နိုင်ငံလုံး၌ တရားအားထုတ်ပြီးသူပေါင်း လေးသိန်းကျော်ရှိပါသည်။ သီဟိုဠ်° ထိုင်း° က‌မ္ဘောဒီးယား° လော° အိန္ဒိယ° အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့၌လည်း မဟာစည်ဩဝါဒခံ ရိပ်သာပေါင်းများစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည်ဆရာတော်သည် သိန်းပေါင်းများစွာသောပုဂ္ဂိုလ်တို့အား ဗုဒ္ဓတရားတော် ၏ တရားအရသာကို တိုက်ကျွေးဝေငှနေသော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည် ဆရာတော် ဖြစ်ပါသည်။


မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ဆောင်ချက်များ

၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိဂုဏ်ကျေးဇူးတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။

၁၃၁၄-ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာကိစ္စများကို စတင်ဆောင်ရွက် ခဲ့ကြပါသည်။ ဆဋ္ဌသင်္ဂါယနာကို ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ်အထိ ပါဠိတော် သင်္ဂါယနာအဖြစ်ဖြင့်လည်းကောင်း၊ ၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ° ဋီကာသင်္ဂါယနာ အဖြစ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြပါသည်။ မဟာစည်ဆရာတော် သည် ထိုသင်္ဂါယနာလုပ်ငန်းကြီးတွင် ၁၃၁၄-ခုနှစ်စ၍ ပဓာနကျသော နေရာများ၌ ပါဝင်ဆောင်ရွက် တော်မူ ခဲ့ပါသည်။ သင်္ဂါယနာတင်မည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ရိုက်နှိပ်ရာတွင် နောက်ဆုံးကြည့်ရှု သုတ်သင်ပြင်ဆင်ရသောတာဝန်ကို အခြားဆရာတော်များနှင့်အတူ ဆောင်ရွက်တော်မူခဲ့ပါသည်။ သင်္ဂါယနာ တင်ရာ၌ ထိုထိုသုတ်စသည်တို့ ဘုရားဟောအစစ်အမှန် ဟုတ်မဟုတ် မေးစိစစ်ရ° ဖြေရသည့်လုပ်ငန်းလည်း အရေးတကြီးပါဝင်ခဲ့ရာ ပထမသင်္ဂါယနာ တင်စဉ်က အရှင်မဟာကဿမထေရ်မြတ်ကြီးသည် မေးစိစစ်သော တာဝန်ကို တာဝန်ယူခဲ့ရပါသည်။ ထိုမထေရ်မြတ်ကြီးနည်းတူ မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ သဘင်ပွဲကြီး၌ မေးစိစစ်ရသောတာဝန်ကို ထမ်းဆောင်တော်မူခဲ့ရပါသည်။ ထို့နောက် အဋ္ဌကထာ ဋီကာတို့ကို သင်္ဂါယနာတင်ရာ၌ စီစစ်လျှောက်ထားရသောတာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ အဋ္ဌကထာသင်္ဂါယနာ၌ မဟာစည်ဆရာတော်၏ စီစစ်လျှောက်ထားချက်တို့ကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က ``သင်္ဂါယနာစိစစ် ခဏ်း´´အမည်ဖြင့် စာအုပ်ရိုက်နှိပ်ေဝပြီး ဖြစ်ပါသည်။

မဟာစည်ဆရာတော်ဘုရားသည် ၁၃၁၁-ခုနှစ်၌ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ဖြင့် ေဝေ၀ဆာဆာရှိလှသော မဟာသတိပဋ္ဌာနသုတ် နဿိယကို ရေးသားတော်မူခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာတင်နေစဉ်အတွင်း ဝန်ဆောင် သံဃာအဖွဲ့၏ တာဝန်ပေးချက်အရ (ဆရာတော်သည် ဝန်ဆောင်သံဃအဖွဲ့ဝင်လည်း ဖြစ်ပါသည်) ဝိသုဒ္ဓိမဂ် ကျမ်း၏ နိဒါန်းကျယ်ကြီးကို ပါဠိဘာသာဖြင့်ရေး၍ ဆဋ္ဌသင်္ဂါယနာဝန်ဆောင်သံဃအဖွဲ့အား တင်ပြရာ ယင်းအဖွဲ့ကြီးက နုတ်ပယ်ဖြည့်စွက် ခြင်းမရှိဘဲ လက်ခံအတည်ပြု၍ ထုတ်ေ၀ဖြန့်ချိစေခဲ့ပါသည်။ ဝိသုဒ္ဓိမဂ္ဂ နိဒါနကထာဟုခေါ်သော ထိုပါဠိနိဒါန်းကြီးကား မဟာစည်ဆရာတော်၏ ပါဠိအရေးအသား စွမ်းရည်နှင့် အထွေထွေဗဟုသုတကြွယ်၀ပုံကို ထင်ရှားစေသောကျမ်းဖြစ်ပြီး တိုင်းတစ်ပါးသား ပါဠိစာပေပညာရှင်တို့ကပင် ချီးကျူးအပ်သော ကျမ်းကြီးဖြစ်သည်ဟု သိရပါသည်။

၁၃၂၂-ခုနှစ်မှစ၍ မဟာစည်ဆရာတော်သည် ဝိသုဒ္ဓိမဂ်ကျမ်းကို ပို့ချယင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ နဿိယကျမ်းကြီးကို ရေးသားပြုစုတော်မူခဲ့ပါသည်။ ဝိသုဒ္ဓိမဟာဋီကာကျမ်းကြီးကာ သမယ္တရဟုခေါ်သော ဟိန္ဒူဒဿနရေးရာများကို ထည့်သွင်းရည်ညွှန်းေ၀ဖန်ရေးသားထားသော ကျမ်းဖြစ်၍ အချို့နေရာတို့၌ အနက်သိရန်ပင် ခက်ခဲလှသော ဋီကာဖြစ်ပါသည်။ မဟာစည်ဆရာတော်သည် သက္ကတဘာသာ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားထားသော သက်ဆိုင်ရာဖီလိုဆိုဖီခေါ် ဒဿနကျမ်းများကို ပိုင်နိုင်အောင် ကြည့်ရှုလေ့ လာပြီးမှ ဝိသုဒ္ဓိမဂ်မဟာဋီကာနဿိယကျမ်းကြီးကို ရေးသားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုနဿိယကျမ်း ကြီးသည် စာမျက်နှာငါးရာခန့်ရှိ စာအုပ်ကြီး (၄)အုပ်ရှိသည်အထိ ကျယ်ဝန်းပါသည်။ ဝိသုဒ္ဓိမဂ်မြန်မာပြန် ကျမ်းကိုလည်း ဆရာတော်သည် ၁၃၂၃-ခုနှစ်မှစ၍ ရေးသားခဲ့ပါသည်။ ထိုကျမ်းလည်း စာမျက်နှာ ငါးရာကျော်ရှိ စာအုပ်ကြီး(၄)အုပ်အထိ ကျယ်ဝန်းပါသည်။

ထို့အပြင် မဟာစည်ဆရာတော် ဟောကြားပြုစုတော်မူသော ဝိပဿနာအခြေခံတရားတော်° အရိယာဝါတရားတော်° ပဋိစ္စသမုပ္ပါဒ်တရားတော်° ဓမ္မစကြာသုတ် တရားတော်° အနတ္တလက္ခဏသုတ်တရားတော် စသော ဝိပဿနာဆိုင်ရာ တရားတော်စာအုပ်ကိုလည်း ယခုအခါများစွာပင် ထွက်ပေါ်လျက်ရှိနေပါ သည်။

မဟာစည်ဆရာတော်ဘုရားသည် ထိုင်း° ကမေ္ဘာဒီးယား° သီဟိုဠ်° အိန္ဒိယ° ဂျပန်° အင်ဒိုနီးရှားနိုင်ငံ တို့သို့ သာသနာရေးမစ်ရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ သာသနာပြုဆရာတော် အဖြစ်ဖြင့်လည်းကောင်း ကြွရောက်၍ သာသနာပြုတော်မူခဲ့ပါသည်။ အင်ဒိုနီးရှား သာသနာပြုအကြောင်း ဆရာတော်ရေးသား ထားသည့် ``အင်ဒိုနီးရှားသာသနာပြုဆိုင်ရာ ခရီးသွားမှတ်တမ်း´´လည်း ၁၃၂၁-ခုနှစ်က ပေါ်ထွက်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီး ဟောကြားပြသတော်မူခဲ့သော သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်နည်းသည် အလွန်ပင် လွယ်ကူရှင်းလင်းခြင်း လျှင်မြန်စွာ တရားထူး ရရှိခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ပြန့်နှံ့ကျော်ကြား လျက်ရှိပါသည်။ ထေရဝါဒနိုင်ငံများဖြစ်သော သီဟိုဠ်(သီရိလင်္ကာ)၊ ထိုင်း၊ က‌မ္ဘောဒီးယား၊ လောနိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများ၊ အင်္ဂလန်နိုင်ငံ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့လည်း ပြန့်ပွားလျက် ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုမှတ်နည်းဖြင့် တရားရိပ်သာအမြောက်အများ ရှိနေပြီဖြစ်ပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓ၏တရားအရသာများကို တိုက်ကျွေးတော်မူခဲ့သော ကျေးဇူးရှင်မထေရ်မြတ်ကြီးအဖြစ် မှတ်တမ်းတင်ထားသော ဆရာတော်ကြီး ဖြစ်ပါသည်။

ဤသို့လျှင် ကျမ်းဂန်အမျိုးမျိုးတို့ကို ရေးသားထားတော်မူခြင်း° ဆဋ္ဌသင်္ဂါယနာ၌ တစ်ရာကျော် ကျော်သော ပါဠိတော်° အဋ္ဌကထာ° ဋီကာကျမ်းစာတို့ကို အဆုံးသပ်သုတ်သင် ပြင်ဆင်တော်မူခြင်း ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆက(အမေး)ဆရာတော်° အဋ္ဌကထာစိစစ်ခဏ်း ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူခြင်းတို့ဖြင့် သာသနာ့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်တော်မူခဲ့သော ကမ္ဘာအနှံ့ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာပြု မထေရ်မြတ်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင် သောဘနမထေရ်မြတ်သည် သက်တော်(၇၈)နှစ်၊ သိက္ခါတော် (၅၈)ဝါအရ (၁၃-၈-၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ စံလွန်တော်မူခဲ့ပါသည်။


Copyright © 2006 Mahāsī Sāsana Nuggaha Organization. All rights reserved.
Implemented by Solveware Solution