
မဟာစည်ဆရာတော် အလောင်းအလျာဖြစ်သူသည် ၁၂၆၆-ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄-ခု သောကြာ နေ့နံနက် (၃)နာရီခန့် အချိန်၌ ရွှေဘိုမြို့ အနောက်ဘက် ခုနစ်မိုင်ကွာ ဆိပ်ခွန်ရွာ ခမည်းတော်ဦးကန်တော် မယ်တော်ဒေါ်အုတ်တို့မှ ဖွားမြင်တော်မူပါသည်။
ခြောက်နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ် အထံ၌ တပည့်ခံလျက် မြန်မာစာရေး စာဖတ်ပညာကို ဆည်းပူးခဲ့ ပါသည်။ ၁၂-သားအရွယ်တွင် မိဘနှစ်ပါးတို့က ရပ်ရွာထုံးစံအရ ရှင်ပြုမင်္ဂလာအခမ်းအနားပြု၍ အရှင်အာဒိစ္စမထေရ်ထံ၌ပင် ရှင်သာမဏေ ပြုလျက် ချီးမြောက်ခဲ့ပါသည်။ ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စမထေရ်မြတ်က သာမဏေငယ်၏ ဉာဏ်ပညာ အရည်အချင်းကို ချင့်ချိန်၍ ရှင်သောဘန ဟု ဘွဲ့အမည် ပေးတော်မူခဲ့ပါသည်။
ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စမထေရ်သည် ပါဠိစာပေအခြေခံဖြစ်စေရန် ဇာတ်ကြီးဆယ်ဘွဲကို သင်စေရာတွင် ဉာဏ်ပညာထက်မြက်ခြင်းကို အကြောင်းပြု၍ မဟော်သဓာဇာတ်ပါဌ်အနက်ကို အထူးမကျက် ရတော့ဘဲ ဆရာ့အထံ၌ သင်ယူယင်းပင် နှုတ်တက်အာဂုမ်ရလျက်ရှိခဲ့ပါသည်။ ထို့အပြင် ဝိနည်းပါဠိတော်ကို အနက်ဖော်သင်ယူရာ၌လည်း သင်ယူယင်းပင် ထိုပါဠိတော်ကို အာဂုမ်နှုတ်တက်ရခဲ့ပါသည်။
၁၆-နှစ်အရွယ်တွင် ရှင်သောဘနသည် ဆရာမရှိဘဲ ဂဏန်းသင်္ချာစာအုပ်များကိုသာ ကြည့်ရှု၍ ဂဏန်းသင်္ချာ ကို တတ်မြောက်အောင် လေ့လာခဲ့ပါသည်။ ယင်းဂဏန်းသင်္ချာကို တတ်မြောက်ခဲ့သောကြောင့် နောင်ကာလ ဆန်းကျမ်းကို သင်ယူစဉ် ပတ္ထရာဖြန့်နည်း (အတန့်ပျောက်ရှာနည်း) စသည်တို့ကို လွယ်ကူ စွာဖြင့် သဘောပေါက်ခဲ့ပါသည်။
၁၉-နှစ်အရွယ်တွင် ဆိပ်ခွန်ရွာ သူကြီးကျောင်း ဆရာတော် အရှင်ပရမမထေရ်မြတ် ထံ၌ နျာသကျမ်း မူလဋီကာကျမ်း စသော ကျမ်းကြီးများကို ဆိုဝါဖြင့် သင်ယူခဲ့ပါသည်။ ထိုကျမ်းတို့ကို သင်ယူသောအခါ စာအတူတက်ဖက် ရဟန်းတော်များက ``နဿိယကို ကြည့်ထားသလား´´ဟု မေးယူရလောက်အောင်ပင် မြင်ပင်မမြင်ဘူးခဲ့ပါ။ ထို့အပြင် ရှင်သောဘနသည် သာမဏေဘဝကပင် အခြားသာမဏေများအား သဒ္ဒါ သင်္ဂြိုဟ်စသော ကျမ်းများကို ပို့ချပေးနိုင်ခဲ့ပါသည်။
ရဟန်းဘဝ |
|
![]() |
၁၂၈၅-ခုနှစ် တန်ဆောင်းမုန်းလပြည့်ကျော် (၄)ရက် (၂၆-၁၁-၂၀၀၉ )ခုနှစ် ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော် ဒေါ်သစ် တို့၏ ပစ္စယာနုဂ္ဂဟနှင့် ဥပဇ္ဈာယ်ဆရာတော် ထန်းစဉ်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနု သာသကနှင့် ပထမကမ္မဝါဆရာတော် သူကြီး ကျောင်း အရှင်ပရမ မထေရ်စသော ဥပသမ္ပဒကံဆောင် သံဃာ တော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ် သို့ ရောက်တော်မူခဲ့ပါသည်။ ရဟန်းဖြစ်ပြီးနောက် အရှင်သောဘနသည် ပရိယတ်စာပေများကို သင်ယူပို့ချနေယင်းပင် ပဋိပတ်ကို လိုလားသဖြင့် ရုက္ခမူဓုတင် နိသဇ်ဓုတင် ပဏ္ဍိပါတ်ဓုတင် များကို လေးလပတ်လုံး ဆောက်တည်ကျင့်သုံးနေခဲ့ပါ သည်။ |
၁၂၈၆-ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ပထမငယ်တန်း၌ ဝင်ရောက်ဖြေဆိုရာ အလွယ်တကူပင် အောင်မြင်ခဲ့ပါသည်။ ၁၂၈၂-ခုနှစ်တွင် ခရီးထွက်နေရသဖြင့် စာမေးပွဲ မဝင်ခဲ့ရာပါ။ ၁၂၈၈-ခုနှစ်၌ ပထမလတ်တန်းကိုလည်းကောင်း၊ ၁၂၈၉-ခုနှစ် ပထမကြီးတန်း ကိုလည်းကောင်း ဝင်ရောက်ဖြေဆို၍ ချောမောစွာ အောင်မြင်တော်မူခဲ့ပါသည်။ ထိုနှစ်က ဆိပ်ခွန်ရွာ၌ ကျင်းပသော ဝိနည်းအာဂုမ်ပြန်ပွဲ၌လည်း ဝိနည်းငယ်လေးစောင်ကို ပြန်ဆို၍ အမြင့်ဆုံးအောင်မြင်တော်မူခဲ့ပါသည်။
၁၂၉၀-ပြည့်နှစ်၌ မ္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ဖွားတော်ကျောင်းတွင် သီတင်းသုံး တော်မူလျက် ထိုခေတ်က ပရိယတ်စာပေအရာ၌ အကျော်အမော်ချည်း ဖြစ်တော် မူကြသော ချမ်းသာကြီး ဆရာတော်ဦးလက္ခဏ၊ ခင်မကန်တိုက် တိုက်သစ်ဆရာတော် ဦးဣန္ဒါဘိဝံသစသော ဆရာတော်များထံ၌ စာပေကျမ်းဂန် ဗဟုသုတများကို ဆက်လက်ဆည်းပူး လေ့လာခဲ့ပါသည်။ ထိုသို့ ဆည်းပူးလေ့လာနေစဉ် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်း မှ ဆရာတော်ဘုရားကြီး အရှင်အာဒိစ္စမထေရ်မြတ်က ဖိတ်ခေါ်တော်မူသောကြောင့် ၁၂၉၁-ခုနှစ် ဝါဆိုလ၌ ထိုကျောင်းသို့ သွားရောက်ပြီးလျှင် ထိုဆရာတော် ဘုရားကြီး၏ အမိန့်အရ ထိုကျောင်း တိုက်ရှိ ရဟန်းသာမဏေတို့အား စာပေကျမ်းဂန်များကို ပို့ချသင်ပြပေး နေခဲ့ပါသည်။
ထိုသို့ပို့ချပေး၍ ပရိယတ္တိသာသနာကို ပြုနေစဉ်မှာပင် သမထဝိပဿနာ ပဋိပတ္တိ အလုပ်များကို အားထုတ်ကျင့်သုံးလိုသောကြောင့် ၁၂၉၃-ခုနှစ် ပြာသိုလထဲတွင် အဖော်ဖြစ်သူ အရှင်တေဇ္တိနှင့်အတူ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှ ထွက်ခဲ့၍ ဇင်းကျိုက် သထုံ ကေလာသမြသပိတ်တောင် ကျိုက်ထီးရိုး တောင် ရွှေရောင်ပြတောင် ဦးအုန်းခိုင် တောကျောင်း စသည်တို့၌ နေရင်းကမ္မဋ္ဌာန်းနည်းများကို စုံစမ်း လေ့လာပြီးနောက် သထုံမြို့ မင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးထံတော်၌ သတိပဋ္ဌာန်ဝိပဿနာရှုပုံကို နည်းခံကျင့်သုံး လျက်နေခဲ့ပါသည်။ နေရောညဉ့်ပါမအိပ်ဘဲ တင်းတင်းကြပ်ကြပ်လည်း အားထုတ်ခဲ့ ပါသည်။ ထိုစဉ်က တစ်ရက်လုံး စကားမပြောဘဲ ကျင့်ခဲ့ရသော ရက်တွေသာ များခဲ့ပါသည်။
ထိုသို့အားထုတ်နေစဉ် လေးလရှိသောအခါ မော်လမြိုင် တောင်ဝိုင်းတိုက်ကျောင်းမှ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အသည်းအသန်ရောဂါဖြစ်နေကြောင်း ကြားသိရသဖြင့် ၁၂၉၄-ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက်မှ သထုံမှ မော်လမြိုင်သို့ ပြန်ခဲ့ရပါသည်။ ဝါဆိုလဆန်း ၁၄-ရက်နေ့ ညဉ့်၌ တိုက်ကျောင်း ဆရာတော်ဘုန်းကြီး ပြန်တော်မူသဖြင့် အရှင်သောဘနသည် တောင်ဝိုင်း တိုက်ကျောင်းကို ထိမ်းသိန်း စောင့်ရှောက်နေခဲ့ရပါသည်။
ဇေတဝန်ဆရာတော်ဘုရားကြီးထံမှ သတိပဋ္ဌာန်ဝိပဿနာရှုနည်းကို ပေါက်ရောက် ပိုင်နိုင်ခဲ့သော အရှင်သောဘနသည် ထိုစဉ်က ၉-ဝါမျှသာ ရှိသေးသည် ဖြစ်၍ အရွယ်ငယ်သေး သောကြောင့် ကမ္မဋ္ဌာန်း တရားကို သူတစ်ပါးတို့အား မဟောကြားသေးဘဲ မိမိကိုယ်တိုင်သာ စွမ်းနိုင်သမျှ အားထုတ်နေ ထိုင်ခဲ့ပါသည်။
ထိုအတောအတွင်း ဆိပ်ခွန်ရွာ၌ ညီဖြစ်သူတစ်ယောက် သေဆုံးသွားသဖြင့် သံဝေဂ ပွားကာ ၁၃၀၀-ပြည့်နှစ်၌ ဇာတိရပ်သို့ ခေတ္တကြွသွားရာ ခုနစ်လအထိ သီတင်းသုံးလျက် သတိပဋ္ဌာန်ဝိပဿနာ အလုပ် တရားကို စတင်ဟောပြောခဲ့ပါသည်။ ထိုစဉ်က ဆွေးမျိုးဖြစ်သူ သုံးဦး စတင်တရားအားထုတ်၍ အောင်မြင်ကြ သဖြင့် အခြားလူများစွာလည်း အားထုတ်ကြ၍ ဉာဏ်ထူးတရားထူးများကို ကိုယ်တွေ့ဖြစ်ကြသဖြင့် မဟာစည် သတိပဋ္ဌာန်ဝိပဿနာ တရားတော် လုပ်ငန်းသည် စတင်၍ ထင်ရှားပေါ်လာခဲ့ပါသည်။