ဟိတေသီဟူသော အမည်သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ချီးမြှင့် တော်မူသော အမည်ဖြစ်ပါသည်။ ဟိတေသီအဖွဲ့ကို မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်‌တော်တိုင် ၁၃၂၇-ခု၊ တန်ခူးလပြည့်နေ့ (၅-၄-၆၆)တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး။ သြဝါဒနှင့်အညီ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးဆောင်လမ်းညွှန်မှုကိုခံယူလျက် အတ္တ ပရ တပဠပန္န ဖြစ်သော မိမိကိုယ်တိုင် တရားအားထုတ်ခြင်း၊ တရားအားထုတ်လာသော ယောဂီအပေါင်း မဂ်ဖိုလ်နိဗ္ဗာန်ထိ ချမ်းသာ စွာ အားထုတ်နိုင်အောင် တိုက်တွန်း နှိုးဆော် ထောက်ပံ့ အားပေးခြင်းဟူသော သာသနာချီးမြှင့်ရေး တာဝန်များ ကို ကုသိုလ်တော်(၇)ရပ်ဖြင့် ဘက်စုံ အကောင်အထည်ဖော်လျက် ရှိပါသည်။

ကုသိုလ်တော် (၇) ရပ်

ပထမကုသိုလ်တော် - ယောဂီအတွက် ထောက်ပံ့ချက် ။ ။

တရားအားထုတ်သောယောဂီ များအား ဆွမ်း ဆေး စသည်များကို ထောက်ပံ့လှူဒါန်းခြင်း။

ဒုတိယကုသိုလ်တော် - ဥပုသ်မပျက် ကိုယ့်အတွက် ။ ။

ဟိတေသီအဖွဲ့ဝင်များသည် ဥပုသ်နေ့ တိုင်း ဥပုသ်သီတင်းစောင့်ထိန်းခြင်း၊ တရားအားထုတ်ခြင်း၊ တရားနာခြင်း စသည့် (ဒါန၊သီလ၊ဘာဝနာ၊ဝိပဿနာ) ကုသိုလ်တရားများ စုဆောင်း ရှာမှီး ကြခြင်း

တတိယကုသိုလ်တော် - ကိုယ်ပိုင်လုပ်အား ကုသိုလ်ပွား ။ ။

ဟိတေသီအဖွဲ့ဝင် မိသားစု ကျောင်း သားအရွယ် ကလေးငယ်များပါမကျန် ကုသိုလ်ရရန်အတွက် ဆောင်ရွက်ချက် ပင်ဖြစ်ပါသည်။ တစ်လတစ်ကြိမ် သာသနာ့ရိပ်သာအတွင်း သန့်ရှင်းရေး ကုသိုလ်ကို စုဆောင်းဆောင်ရွက်ကြပါသည်။

စတုတ္ထကုသိုလ်တော် - နှစ်သစ်ချိန်ခါ ကုသိုလ်ရှာ ။ ။

နှစ်သစ်မင်္ဂလာကို ကောင်းမှုကုသိုလ် နှင့် ကြိုဆိုကာ သင်္ကြန်အကြိုနေ့မှစ၍ နှစ်ဆန်းတစ်ရက် နေ့တိုင်ဥပုသ် သီတင်းစောင့်ထိန်းခြင်း၊ သက်သတ်လွတ်စားသုံးခြင်း တရားရှုမှတ်ပွားများ ခြင်း၊ တရားနာခြင်း၊ ဆရာတော်ဘုရားများအား ပူဇော်ခြင်း၊ ယောဂီသူတော်စင် များအား ဆွမ်း စားဖွယ်များ ဆက်လက်လှူဒါန်းခြင်း၊ နှစ်သစ်ကူးပဒေသာ ပင် စိုက်ထူခြင်း၊ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ခြင်း စသည် ကုသိုလ်တော်များဖြင့် ရှာမှီးစုဆောင်း ဆောင်ရွက်ကြပါသည်။

ပဉ္စမကုသိုလ်တော် - ရိပ်သာအတွင်း လှူဒါန်းခြင်း ။ ။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်နှင့် ပူး ပေါင်းလျက် ကျင်းပသော ကဆုန်ညောင်ရေသွန်းလောင်းပွဲ၊ ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲ၊ မဟာစည်ဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇော်ပွဲ၊ ဘုံကထိန် လျာ သင်္ကန်းဆက်ကပ်ပွဲများအဖြစ် နှစ်ပတ်လည် မဟာစည်ဆရာတော်ဘုရား ကြီး သြဝါဒခံယူပူဇော်ပွဲ၊ လပြည့် တပို့တွဲ ထမနဲအလှူပွဲ စသည်များတွင် လည်း ဟိတေသီအဖွဲ့ ပူးပေါင်း ကုသိုလ်ယူခဲ့ ပါသည်။

ဆဋ္ဌမကုသိုလ်တော် - ဟိတေသီမိသားစု ရှင်ရဟန်းပြု ။ ။

ဟိတေသီအဖွဲ့ဝင်များသည် မိမိ နှင့်တကွ မိမိတို့ သားငယ် ၊ သမီးငယ်များ ဗုဒ္ဓဘာသာဝင်တိုင်း အထွတ် အထိပ်ထားသည့် သာသနာ့ အမွေအနှစ် ခံယူခြင်းဟူသော ရဟန်းခံခြင်း ရှင်ပြုခြင်း၊ သီလရှင်ဝတ်ခြင်းစသော မွန်မြတ်သည့် ကုသိုလ်တော်တစ်ရပ်ကို လွယ်လွယ်ကူကူ ချမ်းချမ်းသာသာ အကုန်အကျနည်းနည်းဖြင့် ပြီးမြောက်နိုင် စေရန်အတွက် ဟိတေသီ ဒုလ္လဘ အကျိုးတော်ဆောင်များ စုပေါင်းဆောင် ရွက်ပေးသော ကုသိုလ်တော်တစ်ရပ်ပင်ဖြစ်ပါသည်။

သတ္တမကုသိုလ်တော် - ယောဂီများကျန်းမှု ဆေးဝါးကု ။ ။

ဟိတေသီအဖွဲ့၏ သတ္တမကုသိုလ် တော် တရားအားထုတ်ရာတွင် ကျန်းမာရေးသည် အထူးအရေးကြီးကြောင်း ကျန်းမာမှ တရားအားထုတ်နိုင်မည်ဖြစ်ကြောင်း အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသော ယောဂီများ၏ ကျန်းမာရေးစောင့်ရှောက်ရန် မြန်မာ့ ဆေးဝါးများဖြင့် ဟိသေတီအဖွဲ့ တိုင်းရင်းဆေး သမားတော်ကြီးများ ကြီးကြပ် လျက် ဆေးပေးဌာန ဖွင့်လှစ်ပေးခြင်း ဖြင့် ကုသိုလ်ယူကြပါသည်။

တရားအားထုတ်ဆဲယောဂီများအား ဆွမ်း၊ကွမ်း ထောက်ပံ့ရေးအစီအစဉ်

တစ်နေ့ဆွမ်းအလှူ - မိမိတို့၏ မွေးနေ့အတွက်သော်လည်းကောင်း၊ မိဘများအမှူးပြု၍လည်း ကောင်း၊ ရည်စူး၍လည်းကောင်း (တစ်နေ့ဆွမ်း) ယောဂီအားလုံးအတွက် လှူဒါန်းလိုပါက သတ်မှတ်သောနှုန်းတို့ဖြင့် ယောဂီအရေအတွက်အလိုက် တွက်၍ မိမိတို့နိုင်သမျှ နည်းများမဆို လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိနေပါသည်။

သီးခြားဆွမ်းအလှူ - အထက်ဖော်ပြပါ အစီအစဉ်အတိုင်း အကြောင်းမညီညွတ်၍ အပြီးအပြတ် စေတနာဖြတ်၍ ဆွမ်းအလှူအတွက် ဖြည့်စွက်လှူဒါန်း လိုသူမျာသည် (၁-ပါး) (၅-ပါး)မှစ၍ တစ်ပါးလျှင် ဆွမ်းတစ်နပ်စာအဖြစ် ကျပ် ၇၀ဝိ ဖြင့် မိမိတို့တတ်အားသမျှ လှူဒါန်းလိုပါကလည်း လှူဒါန်းနိုင်ရန် သီးခြားဆွမ်း အလှူငွေအဖြစ် လက်ခံလျက် ဆွမ်းအလှူဒါနတွင် ပါဝင်နိုင်အောင် ဆောင် ရွက်ပေးနေပါသည်။

ဟိတေသီအဖွဲ့၏ စနေညတရားပွဲကို (၁၃၃၈-ခု၊တန်ခူးလ)၊ ၁၉၇၆-ခုဧပြီလမှစတင်၍ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ကြီး၏ ကြီးကြပ်မှုဖြင့် ကျင်းပနိုင်ခဲ့ပါသည်။ စနေညတိုင်း ရန်ကုန်မြို့၊ မြို့နယ်(၁၀)ခုမှ ယောဂီများ ညစဉ် ၆၀ဝ ခန့် တရားနာခြင်း ပြုလုပ်ကြပါသည်။ တရားဟော ဓမ္မကထိကများ၊ ရိပ်သာတွင်းမှ နာယက ဆရာတော်များနှင့် ဝန်ဆောင်ဆရာတော်များမှာ မဟာစည်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် ဓမ္မဒါန ကျင်းပ လာခဲ့ရာ ယနေ့တိုင်ပင်ဖြစ်ပါ သည်။ တရားဟောဆရာတော်၊ သံဃာတော်များ၏ ဟောပြောမှုကြောင့်လည်း ပဋိပတ္တိ သာသနာ များ ထာဝရဖွံ့ဖြိုး တိုးတက်ခဲ့ရပါသည်။ ထို့အပြင် ဝါဦးပူဇော်ပွဲ၊ ဝါကျွတ်ပူဇော်ပွဲများကိုလည်း တရားနာ ယောဂီများနှင့်အတူ နှစ်စဉ်ကျင်းပခဲ့ပါသည်။

ယောဂီများတွက် ဆွမ်း၊ကွမ်း အထောက်အပံ့အလို့ငှါ ဟိတေသီအဖွဲ့ကြီးမှ ဆွမ်းပဒေသာပင်များစိုက်ထူ နိုင်ရန်အတွက် ဆွမ်းပဒေသာပင်တစ်ပင်လျှင် ကျပ် ၅၀ဝ၀ နှုန်းဖြင့် အဖွဲ့ဝင်များ၊ အလှူရှင်များထံမှ အလှူခံခဲ့ရာ ယခုဆိုလျှင် အပင်ရေပေါင်း ၂၈၀ဝ၀ ခန့်ပင်ရရှိ နေပြီး ၎င်းဆွမ်းပဒေသာပင်မှ ရရှိသော ဘဏ်တိုးငွေများဖြင့် ယောဂီများအား ဆွမ်း ကွမ်း အထောက်အပံ့ကို ပံ့ပိုးပေးစေခြင်းဖြင့် ကုသိုလ်ရယူခဲ့ကြပါသည်။


Copyright © 2006 Mahāsī Sāsana Nuggaha Organization. All rights reserved.
Implemented by Solveware Solution