ရန်ကုန်မြို့ဆိုသည်မှာ။ ။ရန်ဘေးတွေ ကုန်ခမ်းသွားသောမြို့ဟုဆိုလိုပါသည်။ ၎င်းမြို့ကို ရှေးနှစ်ပေါင်း (၂၅၀၀)ကျော်လောက် ဥက္ကလာပမြို့ဟု ခေါ်ေဝါ်ခဲ့ပြီးလျှင် ၁၁-ရာစုရောက်သောအခါ ဒဂုန်ဟုခေါ်ကြောင်း မှန်နန်းရာဇဝင်၌ ဖော်ပြထားလေသည်။ အလောင်းဘုရားလက်ထက်ကခရာစ်နှစ် ၁၇၅၅-ခုနှစ်သို့ ရောက်ခါမှ ရန်ကုန်ဟူသောအမည်သစ်ကို ရရှိလာသည်။ သက္ကရာဇ် ၁၀၀၇-ခုနှစ်တွင် အလောင်းဘုရားမင်းတရားသည် ဒဂုန်သို့ရောက်၍ မြို့ကိုသိမ်းဆည်းသည်။ ဒဂုန်တွင် ဆူးလေစေတီ၏ အရှေ့တောင်အရပ်ဖြစ်သော မြို့ဟောင်းရာ၌ တောရှင်းကျင်းဖို့၍ သက္ကရာဇ် ၁၁၁၇-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၇)ရက်၊ ကြာသာပတေးနေ့တွင် ကျုံး၊ မြောင်း၊တံခါး၊ပြအိုး၊စသောမြို့ အင်္ဂါပြည့်စုံစွာ ၇-ရက်နှင့်ပြီးအောင်တည်သည်။ ထိုမြို့၌ တပ်မစွဲပြီးလျှင် မြို့မှနေ၍ ဗညားဒလရန်ကို ကုန်အောင် လုပ်ကြံမည်ဟု အမိန့်ရှိလျက် ဆက်လက်နေ၏၊ သို့နှင့် ဗညားဒလတပ်များက ဝန်းရံတိုက်ခိုက်သောအခါ၌လည်း မြန်မာတို့သည် ကြံ့ကြံ့ခံနိုင်ရုံမက တန်ပြန်ထိုးစက်ဆင်ကာ ရန်သူတို့ကို မောင်းထုတ်နိုင်ခဲ့သဖြင့် ရန်ဘေးများ ကုန်သွားသောကြောင့် အလောင်းဘုရားက ``ရန်ကုန်´´ဟု အမည်ပေးခဲ့ လေသည်။

မဟာစည်။ ။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် တရားဟောရန် အချိန်နီးကပ်လာ သောအခါ တီးခတ်အချက်ပေးရန် အလွန်ကြီးမားသော ကုက္ကိုတုံးကြီးကိုဖြတ်၍ စည်တော်ကြီးရှိသောကျောင်းကို မဟာစည်ကျောင်းဟုခေါ်လေသည်။ ထိုကျောင်းတိုက်၌ သီတင်းသုံး၍ တရားဟောတရားပြ အရှင်သောဘနကိုလည်း မဟာစည်ဆရာတော်ဟု ခေါ်ကြသည်။ ၎င်းဆိပ်ခွန် မဟာစည်ကျောင်းတော်မှ နောင်အခါတွင် ``ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကမ္ဘာ့သာသနာပြု မဟာစည်ဆရာတော်ဘုရားကြီး´´ဟု ကျော်ကြားလာမည့် ဘဒ္ဒန္တသောဘန မဟာစည် ဆရာတော်သည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ လူကြီးမင်းများ၏ ပင့်ဆောင်ချက်အရ သက္ကရာဇ် ၁၃၁၁-ခုနှစ်၌ ပထမဆုံးကြွ ရောက် တရားဟော တရားပြဌာနဖြစ်၍ မဟာစည်ဟူသောအမည်ကို ရလေသည်။

သာသနာ့ရိပ်သာ။ ။ သာသနာစောင့်နတ်များ ညွှန်ပြလိုက်သကဲ့သို့ အရိပ်ရေစိမ်း စိမ်းလန်းသောသစ်ပင်တို့ဖြင့် သာယာအေးချမ်းသော မြေနေရာဖြစ်၍ သာသနာ့ကိစ္စအဝ၀ကိုလည်း ဆောင်ရွက်ရာဌာနဖြစ်သောကြောင့် ``သာသနာ့ရိပ်သာ´´ ဟူသော ထပ်ဆင့်အမည်ကို ရပြန်လေသည်။ ထိုနေရာကား ယခု ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီး၏ တည်ရာဌာနဖြစ်ပေသတည်း။

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ကား။ ။ ထေရဝါဒဗုဒ္ဓသာသနာရောင်ဝါထွန်းပြောင်သည့် ပြည်ထောင်စု မြန်မာ နိုင်ငံတော်သည် ဗြိတိသျှ လက်အောက်ခံဘဝမှ လွတ်မြောက်ရန် အချိန်တန်သဖြင့် နိုင်ငံတော် လူထုကြီး၏ မကြုံဘူးသော သွေးစည်းမှုကို အားပြုပြီးလျှင် ဗိုလ်ချုပ်ဦးအောင်ဆန်းသည် ဘိလပ်သို့သွား၍ ၁၉၄၆-ခု၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် လွတ်လပ်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ ထိုသို့မြန်မာပြည်လွတ်လပ်ရေး အရုဏ်ရောင်ထွက်ပြူကာ တောင်ပေါ်မြေပြန့်သား ညီတော်နောင်တော်များတို့ အားပါးတရ ဝမ်းမြောက်ကြ၍ မဆုံးခင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ပြည်သူ့ခေါင်းဆောင် ကြီးများ ရှေးဝိပါက ကံတရားကြောင့် သူတစ်ပါးတို့၏ လက်နက်ဖြင့် အသက်ခန္ဓာကြွေကာ တိုင်းပြည်ကိုမျက်နှာလွှဲကြ၍ ပြည်ထဲရေး စိတ်မအေးဖြစ်နေကြစဉ် ခေါင်းဆောင်ကြီး သခင်နုသည် လူထုကို ထိန်းအုပ်၍ လွတ်လပ်ရေးရောင်ခြည် မျက်ခြည် မပြတ်ရအောင် နောက်ထပ်၍ အစိုးရအဖွဲ့ကြီးကို ဖွဲ့စည်းကာ မြန်မာပြည်ကို အချိန်မီ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်ဟောင်းဦးနုခေါင်းဆောင်၍ ပြည်ထောင်စု ကိုယ်စားလှယ်ကြီးများ ဘိလပ်သို့သွား၍ ၁၉၄၇-ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ``နုအက်တလီ´´စာချုပ်ကို ချုပ်ဆိုခဲ့ပြီးလျှင် ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်၊ နံနက် (၄)နာရီ၊ မိနစ် (၂၀) အချိန်တွင် အချုပ်အခြာအာဏာပိုင်သ လွတ်လပ်ရေးရခဲ့ပါသည်။

ဝန်ကြီးချုပ်ဟောင်း ဦးနုသည် မိမိစိတ်၌ နိုင်ငံနှင့် သာသနာ ရွှေပေါ်မြတင် ဖြစ်စေချင်သော ဆန္ဒပြင်းပြလှသဖြင့် ကေလာသတောင်မှ ဥပုသ်ဆောင်ဝင်၍ အပြန် ၁၃၀၉-ခု၊ နတ်တော်လဆန်း (၁) ရက်နေ့တွင် ဗုဒ္ဓသာသနာတော်ကို ချီးမြောက် နိုင်သော သိက္ခါပုဒ်နှင့်ပြည့်စုံသော လူကြီးမင်းများကို သူ၏အိမ်သို့ ဖိတ်ခေါ်ဆွေးနွေး၍ သာသနာတော်ကြီးကို အစွမ်းကုန် ချီးမြောက်နိုင်ရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ထိုအဖွဲ့တွင်-

  • ၁။ သူဌေးကြီးဆာဦးသွင် ဥက္ကဋ္ဌ
  • ၂။ ဘဏ္ဍာရေးဝန်ကြီးဟောင်း မြန်မာ့အလင်းဦးတင် ဒု-ဥက္ကဋ္ဌ
  • ၃။ အမြတ်တော်မင်းကြီး ဦးစံသိန်း အကျိုးတော်ဆောင်
  • ၄။ ကုန်သည်ကြီး ဦးအုန်းခိုင် ငွေထိန်း
  • ၅။ ငွေစာရင်းမင်းကြီး ဦးဘခင် စာရင်းစစ်
  • ၆။ ကျောင်းကုန်းမြို့ စက်သူဌေး ဦးသာထက် အမှုဆောင်
  • ၇။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဟောင်း ဟင်္သာတသူဌေးဦးမြ အမှုဆောင်
  • ၈။ ကုန်သည်ကြီး ဦးတင်ဘွား အမှုဆောင် တို့ ဖြစ်ကြလေသည်။

အဖွဲ့ဖွဲ့ပြီးနောက် အဖွဲ့တည်ရာ မြေနေရာ ရွေးချယ်ကြရာ ပထမစဉ်းစားသည့် အင်ယားကန်အလယ်ကျွန်း၊ ဒုတိယစဉ်းစားသည့် ကန်တော်ကြီးစောင်းတို့မှာ အသံတိတ်ဆိတ်သော်လည်း အသွားအလာမလွယ်၊ အသွားအလာလွယ်သော်လည်း ဆိတ်ငြိမ်မှုမရှိပါ၊ လိုအပ်သော အင်္ဂါမပြည့်၍ တတိယညွှန်ပြသည့် ဦးဘထွန်းမြေကွက်ကို နှစ်သက်ကြည်ဖြူ အများသဘောတူကြ၏။ ထိုတွင် ဥက္ကဋ္ဌ ဆာဦးသွင်က ထိုမြေကွက်နှင့် တဆက်တည်းရှိသော မိမိအိမ်မြေယာမှာ-

၁။ မြို့နှင့်မနီးမဝေးတည်ရှိခြင်း။ ၂။ သွားလမ်းလာလမ်းတို့နှင့် ပြည့်စုံခြင်း။ ၃။ အလွယ်တကူသွားရောက်နိုင်ခြင်း။ ၄။ နေ့ညဉ့်အခါ လူသူများနှင့်ရောပြွန်းမှုမရှိခြင်း။ ၅။ သူတော်ကောင်းတို့ တစ်ကိုယ်တည်း ကိန်းအောင်းရန် လျော်ကန် သင့်မြတ်ခြင်း။ တည်းဟူသော အင်္ဂါငါးပါးနှင့် ပြည့်စုံသည့်အပြင် ထိုနေရာသည် အရိပ်ရေစမ်း စိမ်းလန်းစုံလင်သဖြင့် သူတော် ကောင်းများ တရားနှလုံးသွင်း တော်မူကြပါက အာဝါသသပ္ပါယ အထောက်အပံ့ရမည်ဖြစ်၍ လူကြီးမင်းတို့က သာသနာရေး အတွက် အသုံးပြုလိုကြပါလျှင် မိမိက ဝမ်းမြောက်ဝမ်းသာ လှူဒါန်းလိုပါကြောင်း ဖွင့်ဟပြောဆိုရာ အမှုဆောင် လူကြီးမင်းအား လုံးတို့က ရွှင်ပြုံးနုမော် သာဓုခေါ်၍ သဘောတူ လက်ခံခဲ့ကြပါသည်။

သာသနာတော်စောင့်နတ် နှိုးဆော်လတ်သကဲ့သို့ လျှောက်ပတ်သော မြေနေရာကို လွယ်ကူစွာ ရရှိပြီးနောက် အဆောက်အအုံများ မဆောက်လုပ်မီ ထိုနေရာ၏ အမည်ကို သာသနာတော်အတွက် ဆောင်ရွက်မည်နေ့ရာဖြစ်သောကြောင့် `သာသနာ့ရိပ်သာ´ဟု အမည်မှည့်ရန်နှင့် ဘူမိဝိသောဓန-အပြစ်ဒေါသသန့်ရှင်းအောင် အန္တရာယ်ကင်းပရိတ်တော်များ (၇)ရက် (၇)လီ ရွတ်ဖတ်ပူဇော်ကြရန် ၁၉၄၈-ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက် ထိုမြေထက်ဝယ် အစစွာ ကျင်းပသော (၁၂)ကြိမ်မြောက် အမှုဆောင်အစည်းအဝေး ၌ ဆုံးဖြတ်အတည်ပြုခဲ့ကြ သည့်အတိုင်း ၁၃၁၀-ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့မှစ၍ နံနက် (၇)နာရီမှ (၈)နာရီအထိ အလှည့်ကျ နေ့စဉ် နေပြည်တော်လေးပြင်မှ အရှင်ဆရာတော် ၁၀-ပါး ပင့်ဖိတ်၍ ပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ ဆင်နွှဲကျင်းပခဲ့ပါသည်။ ဥက္ကဋ္ဌကြီးဆာဦးသွင်၊ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု အမှူးပြုသော အမှုဆောင်လူကြီးမင်းများ ပရိတ်တရားနာ ယူပူဇော်စဉ် ရက်အတွင်းမှာပင်-

  • ၁။ မင်္ဂလာ(ယာယီ)မဏ္ဍပ်တော်ကြီး၊
  • ၂။ စံကျောင်းတော်
  • ၃။ ကမ္မဋ္ဌာနာစရိယ အနုနာယက ကျောင်းတော် (၄)ဆောင်
  • ၄။ ဆွမ်းစားကျောင်းတော်

စသည်တို့အတွက် ပန္နက်တော်များအသီးသီးချ၍ သုံးလအားသစ် ထိုနှစ်ကျင်းပမည့် တိပိဋကဓရရွေးချယ်ပွဲအမီ စတင်တည်ထောင်ကြလျက် ဘူမိဝိသောဓန အန္တရာယ်ကင်းပရိတ်ရွတ်တော်ပွဲ ဆင်နွှဲကျင်းပသည့် န၀တာလီ ရက်စုံစီပြည့်ရောက်၊ ပြည်ထောင်စု တည်ဆောက်သည့် တစ်နှစ်မြောက်သော ရက်တို့ကား အချိန်းအချက်ပြုထားသည့်ပမာ အံ့ဩဖွယ်ရာ ကြုံကြိုက် တိုက်ဆိုင်လျက် ရှိခဲ့ပါသည်။ မင်္ဂလာမဏ္ဍပ်ကြီး စံကျောင်းတော် စသည်တို့ မဟာပထဝီမှ အစီစီပေါက်သကဲ့သို့ အသုံးပြုနိုင်လောက်သော အခြေသို့ ဆိုက်ရောက်၍ ၁၃၁၀-ပြည့်နှစ်၊ တပို့တွဲလဆန်း (၆)ရက်နေ့၌ အထက်ဖော်ပြပါ မင်္ဂလာမဏ္ဍပ်ကြီးဝယ် အပါး (၁၀၀)ကျော် ပင့်သံဃာတော်တို့ မျက်မှောက်တွင် နိုင်ငံတော်၏ အစစွာသော တိပိဋကဓရ ရွေးချယ်ပွဲကြီးကို ပြီးမြောက်အောင် ကျင်းပခဲ့ ကြပါသည်။

သာသနာ့ရိပ်သာ ဤနေရာ၌ အစကပင် ရည်ရွယ်တော်မူရင်းရှိသည့်အတိုင်း သူဌေးကြီး ဆာဦးသွင်-သူဌေးကတော် ဒေါ်ဒေါ်သိန်းသိန်းနှင့် (သား) တရားလွှတ်တော် တရားဝန်ကြီးဟောင်း ဦးစန်းမောင် (သမီး) တရားဝန်ကြီးဟောင်းကတော် ဒေါ်ခင်ခင်ကြီးတို့က သာသနမလဝိသောဓနီသိမ်တော်၊ မော်ကွန်းတိုက်၊ ဖလ်ယဉ်ဓမ္မာရုံကြီး၊ ဝိစိတ္တရုံကမ္မဋ္ဌာန်းကျောင်းတိုက်၊ ရေချိုးခန်း၊ ဝစ္စကုဋီများကို ထပ်မံဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။ ဇေယျ၀တီသကြားစက် သူဌေးက ဦးနုအား လှူဒါန်းသော ငွေဖြင့် ပိဋကတ်တိုက်နှင့် အသုံးအဆောင်တို့ကိုလည်းကောင်း ကမ္မဋ္ဌာန်းကျောင်းဆောင်တို့အနက် အခန်းပေါင်း (၁၀)ခန်းစီ တွဲလျက် အလယ်ချက်၌ စင်္ကြံပါသော (၁၆၀၀၀)ကျော်တန် ကမ္မဋ္ဌာန်းကျောင်းတိုက် နှစ်ဆောင်တို့ကို ရန်ကုန်မြို့၊ ကုန်ဈေးတန်း သူဌေး ဟင်္သာတဦးမြနှင့် ဒေါ်ဒေါ်ပုတို့ကလည်းကောင်း၊ ရန်ကုန်မြို့ ဆင်းဒဝစ်လမ်း၊ ကုန်သည်ကြီး ဦးချစ်မောင်+ဒေါ်သန်းမြင့် သားသမီးမြေးတစ်စုတို့ကလည်းကောင်း၊ အသီးသီးတစ်ဆောင်စီ ဒါယကာခံကြ၏။ ထို့အပြင် (၈)ခန်းတွဲ အမျိုးသမီးယောဂီ ဆောင် တိုက်းတန်းလျား ၁၀-ခန်းတွဲ အုတ်ဂူဝိုင်းကြီး၊ ၁၀-ခန်းတွဲ တိုက်တန်းလျား၊ ကမ္မဋ္ဌာန်းကျောင်းများအပြင် နိုင်ငံခြားသားများ တရားအားထုတ်ရန် ကမ္မဋ္ဌာန်းတိုက် စသည်တို့ကိုလည်း ဟင်္သာတဦးမြနှင့် သားများကုမ္ပဏီ၊ ဦးဆင်+ဒေါ်ဌေး ကုမ္ပဏီ၊ ဦးဘိုးငြိမ်းကုမ္ပဏီ၊ ချပ်သင်းသူဌေး ဦးဘတင်+ဒေါ်ဒေါ်သိန်းစသော ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် အပေါင်းတို့က ကောင်းမှု ဒါယကာ ခံခဲ့ကြပါသည်။

ပရိယတ် ပဋိပတ်နှစ်ရပ်သော သာသနာတော်ကို အစွမ်းကုန်ချီးမြောက်ရန်ဟု ရည်သန်လျက် အရင်းခံကြသဖြင့် ပဋိပတ္တိသာသနာတော်အတွက် ကမ္မဋ္ဌာနာစရိယ နာယကဆရာတော် သီတင်းသုံးရန် မင်္ဂလာစံကျောင်းတော်၊ အနုနာယကကျောင်း ဆောင်များ တည်ထားဆောက်လုပ်ပြီးလတ်သော် ဥက္ကဋ္ဌကြီး ဆာဦးသွင်ကိုယ်တိုင် စစ်ကိုင်းသို့ ရောက်ရှိပြီး ရိုသေစွာပင့်ဖိတ် ကာ တရားနာယူ စူးစမ်းထောက်လှမ်းပြီးနောက် နှစ်သက်ဝမ်းမြောက်လှသဖြင့် စစ်ကိုင်းမှ အပြန် ရန်ကုန်သို့အရောက် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုအား အကြောင်းအကျိုးပြောပြ ပင့်ဆောင်ရန် အကြံပေးချက်အရ ၁၃၁၁-ခု၊ တန်ဆောင်မုန်းလပြည့်တွင် ဦးနုကိုယ်တိုင် ရိုသေစွာသွားရောက် လျှောက်ထား၍ ရွှေဘိုနယ် ဆိပ်ခွန်ရွာ ကမ္မဋ္ဌာနာစရိယအကျော် မဟာစည်ဆရာတော်ကို ရှေ့ဖော်ပြပါ သာသနာ့ရိပ်သာ မင်္ဂလာစံကျောင်းသို့ လေကြောင်းမှ ပင့်ဆောင်ပြီးလျှင် ပဋိပတ္တိသာသနာတော်ကို အစွမ်းရှိသမျှ ပြုစုတော်မူပါရန် တောင်းပန်စကားလျှောက်ထားကြ၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး က ပင့်၍ တာဝန်ယူဆောင်ရွက်လျက် အဘက်ဘက်မှ လိုလေသေးမရှိအောင် ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

ထိုမှစ၍ မဟာစည်ဆရာတော်ဘုရားလည်း တပည့်လက်သားများနှင့်တကွ သာသနာ့ရိပ်သာဝယ် သီတင်းသုံးနေထိုင်ရန် ခတ်မဆိတ်သည်းခံကာ ၁၃၁၁-ခုနှစ်၊ နတ်တော်လပြည့်နေ့မှအစပြု၍ အရပ်လေးမျက်နှာမှ လာလာသမျှ ယောဂီအပေါင်းတို့အား နေ့ညမအား တရားဓမ္မဟောကြားပြသကာ ပဋိပတ္တိသာသနာတော်ကို ပြုခဲ့ပါသည်။ တစ်ဖန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင်လူကြီးများ သဘောတူတိုင်ပင်ကြ၍ ၁၃၁၃-ခု၊ ဝါဆိုလဆန်း ၁၀-နေ့တွင်

  • ၁။ သတိုးသီရိ သုဓမ္မဆာဦးသွင် ပထမ-ဥက္ကဋ္ဌ
  • ၂။ ဝန်ကြီးချုပ်ဟောင်း ဦးနု ဒုတိယ-ဥက္ကဋ္ဌ
  • ၃။ မဟာသီရိသုဓမ္မ ဟင်္သာတသူဌေးဦးမြ ဒုတိယ-ဥက္ကဋ္ဌ

အစရှိသော ယောဂီထောက်ပံ့ရေး အဖွဲ့ခွဲကို တိုးချဲ့ ဖွဲ့စည်းကာ ကမ္မဋ္ဌာနာစရိယနာယကဆရာတော် အနုနာယကဆရာတော်နှင့် ပြည်တွင်းပြည်ပရဟန်းရှင်လူတို့အား စားသောက်နေရေး ကျန်းမာရေးတို့ကို လိုလေသေးမရှိအောင် တာဝန်ယူပြုစုစောင့်ရှောက်ခဲ့ရာ၊ ယနေ့အထိ ယောဂီများ သိန်းချီတိုးပွားလာရုံမက ကမ္မဋ္ဌာနာစရိယများ, ဓမ္မကထိကများကိုလည်း မွေးထုတ်နိုင်ခဲ့၍ ကမ္မဋ္ဌာန်းဌာနပေါင်း မြန်မာပြည် (၄၈၀)၊ ထိုင်းနိုင်ငံ (၃) သီရိလင်္ကာ (၂၂)ဌာန၊ အင်္ဂလန် (၂) အမေရိက (၁၁) ဩစတြေးလျ (၁)၊ မလေးရှား (၃)ရှိသည့်တိုင် ပဋိပတ္တိသာသနာစည်ပင် ပြန့်ပွားခြင်းသို့ ရောက်ခဲ့ပါသတည်း။ ဆဋ္ဌသင်္ဂါယနာတင်သောအခါ၌လည်း ဩသာနသောဓက ဆဋ္ဌသင်္ဂီတိပုစ္ဆက တာဝန်များကို ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ဆဋ္ဌသင်္ဂီတိပုစ္ဆက ပဋိပတ္တိစံပြဂုဏ်တို့နှင့် ပြည့်စုံသော မဟာစည်ဆရာတော်အား ၁၃၁၃-ခုနှစ်၊ ပြည်ထောင်စု လွတ်လပ်ရေးနေ့တွင် အစိုးရမင်းများက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ခပ်နှိပ်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် နိုင်ငံခြား တိုင်းပြည်များသို့လည်း ကြွသွား၍ သာသနာပြုတော်မူခဲ့ပါသည်။

ဤသို့ မဟာစည်ဆရာတော်ဘုရား တရားပြသလာခဲ့ရာ (၁၃၁၁ မှ ၁၃၄၄)ခုနှစ်အထိ အနှစ် (၃၀)ကျော်ကြာ၍ ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလဆုတ် (၁၀)ရက်နေ့က ဆရာတော်ဘုရားကြီး စံလွန်တော်မူခဲ့ပြီး ဆက်လက်၍ ၁၃၄၄-ခုနှစ်၌ပင် ဩဝါဒါစရိယဆရာတော် ဦးသုဇာတ ပျံလွန်တော်မူပြန်ပါသည်။ ၎င်းနောက် ၁၃၄၄-ခုနှစ်မှ ၁၃၅၁-ခုနှစ်အထိ ဩဝါဒါစရိယ အရှင်ပဏ္ဍိတာဘိဝံသသည် (၇)နှစ်ကျော် ပဋိပတ္တိသာသနာတော်ကို ဆက်လက်ပြုစုတော်မူ၍ ၁၃၅၂-ခုနှစ် ၁။ ဩဝါဒါစရိယ ပုသိမ် သဒ္ဓမ္မသီတဂူဆရာတော်။ ၂။ ဩဝါဒါစရိယ ချမ်းမြအောင်စည်ဆရာတော်ဘဒ္ဒန္တသံ၀ရ၊ ၃။ ဩဝါဒါစရိယ ရွှေရေးဆောင်ဆရာတော် အရှင်ပညာသာမိ၊ ရေဦးဆရာတော် အရှင်ပညာသိပ္ပ၊ တို့သည် နာယက(၁၀)ပါး အဖွဲ့နှင့်အတူ ရိပ်သာကြီး၏ တာဝန်ကို ထမ်းဆောင်နေကြဆဲဖြစ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ ဥက္ကဋ္ဌများမှာလည်း-

  • ၁။ သတိုးသီရိသုဓမ္မဆာဦးသွင် (၁၉၇၄ မှ ၁၉၆၃)
  • ၂။ ချပ်သင်း ဦးဘတင် (၁၉၆၃ မှ ၁၉၇၂)
  • ၃။ မြန်အောင် ဦးတင် (၁၉၇၂)
  • ၄။ ဦးချစ်ဖေ (၁၉၇၂ မှ ၁၉၇၃)
  • ၅။ စည်သူဦးညီပု (၁၉၇၄ မှ ၁၉၇၆)
  • ၆။ ဦးပွင့်ကောင်း (၁၉၇၆ မှ ၁၉၉၃)
  • ၇။ ဦးလှကြိုင် (၁၉၉၃ မှ ၁၉၉၉)
  • ၈။ ဦးတင်ဝမ် (၁၉၉၉ မှ ၂၀၀၇)
  • ၉။ ဦးဝင်းထိန် (၂၀၀၇ မှ ယနေ့အထိ)

ဦးဝင်းထိန် -(ဥက္ကဋ္ဌ)၊ ဒေါက်တာဦးတင့်စိုးလင်း (ဒု-ဥက္ကဋ္ဌ-၁)၊ ဦးသန်းအောင် (ဒု-ဥက္ကဋ္ဌ ၂) ဦးတိုက်စိုး (အတွင်းရေး မှူး)၊ ဦးဖုန်းမြင့် (တွဲဖက်အတွင်းရေးမှူး)၊ ဦးကျော်ဇော (ဘဏ္ဍာရေးမှူး) ဦးလှမြင့် (စာရင်းစစ်) စသည်တို့နှင့်အတူ ဆောင်ရွက် လျက်ရှိနေကြပါသည်။ ထို့ပြင် မဟာစည်သာသနာ့ရိပ်သာ၌ ယောဂီများအားထောက်ပံ့ရန် ဟိတေသီအဖွဲ့၊ အမျိုးသမီးယောဂီစောင့်ရှောက်ရေး အဖွဲ့တို့ကို တိုးတက်ဖွဲ့စည်းကာ သိုက်သိုက်ဝန်းဝန်း ပဋိပတ္တိသာသနာတော်ကြီးပြန့်ပွားရေးကို ဆောင်ရွက်လျက်ရှိရာ ရိပ်သာအကျယ် မြေ (၂၁)ဧက၊ အဆောက်အအုံပေါင်း ( ) တရားအားထုတ်ခဲ့သော ပြည်တွင်းပြည်ပ ယောဂီပေါင်း (၅၆) သိန်းကျော်အထိ တိုးတက်လာခဲ့ပါသည်။

သာသနာတော်အတွက် ဘူမိနက်သန်မှန်လှသော ဤမဟာစည်သာသနာ့ရိပ်သာကြီးကို ကမ္ဘာမှဖြစ်စေ၊ မြန်မာမှဖြစ်စေ၊ မည်သူမဆို လာရောက်တရားအားထုတ်နိုင်သည့်အပြင် အဘက်ဘက်မှ ပြည့်စုံသော အလုံးစုံသော မဟာစည်သာသနာ့ ရိပ်သာများ၏ ဗဟိုပင်မ ဩဝါဒါစရိယအဖွဲ့၊ နာယကအဖွဲ့၊ ဓမ္မကထိကအဖွဲ့ချုပ်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၊ ဟိတေသီအဖွဲ့၊ အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့၊ တို့၏ တည်ရာကမ္ဘာကျော်ရိပ်သာကြီး တစ်ခုဖြစ်ကြောင်း ဖော်ပြလိုက်ရပါသတည်း။

Up  
Copyright © 2006 Mahāsī Sāsana Nuggaha Organization. All rights reserved.
Implemented by Solveware Solution