ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၁-ခုနှစ်၊ တန်ဆောင်မုန်း လဆုတ် (၆)ရက်နေ့တွင် ရန်ကုန်မြို့ ဤသာသနာ့ရိပ်သာသို့ ကြွရောက်သီတင်းသုံးတော်မူခဲ့ပါ သည်။ ကြွရောက်သီတင်းသုံးတော်မူရခြင်းအကြောင်းမှာ ၁၃၀၉-ခုနှစ်၊ နတ်တော်လဆန်း (၁)က်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ကြွရောက်သီတင်းသုံး ၍ ပဋိပတ္တိသာသနာပြတော်မူပါရန် လျှောက်ထားပင့်ဖိတ်သဖြင့် ကြွရောက်သီတင်းသုံးရခြင်းဖြစ်ပါသည်။
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်သည် နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်၊ သူဋ္ဌေးသူကြွယ်ကြီးများမှ မြတ်စွာဘုရားသာသနာတော်ကို အစွမ်းကုန် ထောက်ပံ့သာသနာပြု ရန်အတွက် စနစ်တကျ စည်းမျဉ်းဥပဒေများ ရေးဆွဲပြဋ္ဌာန်း၍ ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်၍ အခြေခံအလွန်ကောင်းသော အဖွဲ့အစည်းဖြစ်ပါသည်။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ပရိယတ္တိ-ပဋိပတ္တိဓူရနှစ်ဖြာတွင် ထူးချွန်တော်မူသော စွယ်စုံရ ပုဂ္ဂိုလ်ထူးဖြစ်ပါသည်။
အခြေခံကောင်းသော အနုဂ္ဂဟအဖွဲ့ကြီး၏ ထောက်ပံ့မှုနှင့် စွယ်စုံထူးချွန်သော ပုဂ္ဂိုလ်ထူး၏ပေါင်းစပ်မှုဖြင့် တိမ်မြုပ်လျက်ရှိသော သတိပဋ္ဌာန်ဝိပဿနာရှုမှတ်နည်းဖြင့် ပဋိပတ္တိသာသနာတော်ကြီး အရှိန်အဟုန်ပြင်းစွာ ထွန်းလင်း တောက်ပလာရန် ၁၃၁၁-ခုနှစ်၊ နတ်တော်လပြည့်နေ့တွင် ဤရိပ်သာကြီးတွင် (၂၅)ဦးသောယောဂီတို့အား သတိပဋ္ဌာန် ဝိပဿနာအလုပ်ပေးတရားတော်ကို ဟောကြားသင်ပြခြင်းဖြင့် စတင်တော်မူခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့သာမက နိုင်ငံရပ်ခြားတို့မှ ဗုဒ္ဓဘာသာဝင် သူတော်စင် များစွာတို့သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ယုံကြည်လေးမြတ် ကြည်ညိုကြသည့်အတိုင်း ဆရာတော်ဘုရားကြီး ဟောကြားညွှန်ပြသည့် တရားတော်ကို လိုက်နာအားထုတ်ကြသဖြင့် တရားထူးများ ရရှိခံစား ကြရသည်ဖြစ်၍ ပဋိပတ္တိသာသနာ တော်အရောင်သည် တပါးနိုင်ငံများထိ ထွန်းလင်း တောက်ပခဲ့ပေသည်။
အာရှနိုင်ငံများသာမက၊ အင်္ဂလန်၊ ဂျာမန်၊ ဥရောပနိုင်ငံအနှံ့အပြားနှင့် အမေရိကန်နိုင်ငံ တို့ကိုပါ မဟာစည် ပဋိပတ္တိသာသနာတော်အရောင် ထွန်းပြောင်တောက်ပသွား ပါတော့သည်။
ဆရာတော်ဘုရားကြီး၏ ပဋိပတ္တိသာသနာပြုလုပ်ငန်းရပ်ကြီးသည် အရှိန်ကောင်းကောင်း မွန်မွန်ကြီး တိုးတက်လာ ခဲ့ပါသည်။ ပိဋကတ္တယဆေက၊ ပဋိကတ္တယပါရဂူဖြစ်တော်မူကြသော သာသနာ့ဦးသျှောင် ဆရာတော်ဘုရားကြီး၏ ပဋိပတ္တိ လုပ်ငန်းကို ပါဠိတော်အဋ္ဌကထာ ဒေသနာတော်နှင့် ညီညွတ်ကြောင်း ယုံကြည်လက်ခံတော်မူကြပါသည်။
ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်း အရှိန်အဟုန် ကောင်းကောင်းမှန်မှန် တိုးတက်လာခဲ့ရာ ပိုမိုပြည့်စုံစွာ တိုးတက်ပြီး ကျယ်ပြန့်စွာ ပြန့်ပွားရေးအတွက် ၁၃၃၄-ခုနှစ်၊ (၂၃)ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒခံယူမှုများနှင့် ညွှန်ကြားမှုများကို ခံယူ၍ ဆရာတော်ဘုရားကြီးအား ကူညီဆောင် ရွက်ရန် နာယကအဖွဲ့ကို ရွှေဘိုမြို့၊ ဝက်လက်မစိုးရိမ်ဆရာတော် ဘဒ္ဒ္တတဿိ၏ အကြံပေးချက်အရ အောက်ပါဆရာတော်ကြီး များဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။