ဝမ်းဗိုက်၏ ဖောင်းခိုက် ပိန်ခိုက်၌ ထင်ရှားသောတောင့်တင်းမှု လှုပ်ရှားမှုများသည် ဝါေယာဓာတ် ဖောဌဗ္ဗရုပ်ဖြစ်သောကြောင့် 'ဖောင်းတယ်၊ ပိန်တယ်' ဟုရှုမှတ်လျက်ထို တောင့်တင်းမှု၊ ထိုလှုပ်ရှားမှုတို့ကို မှန်ကန်စွာသိခြင်းသည်၊
"ရူပံ ဘိက္ခဝေ ဟောနိသော မနသိကရောထ၊ ရူပါနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ - ရဟန်းတို့ ရုပ်ကို သင့်လျော်မှန်ကန်စွာ နှလုံးသွင်းကြ၊ ရှုကြကုန်လော့" "အနိစ္စညေဝ ဘိက္ခဝေ ဘိက္ခု ရူပံ အနိစ္စန္တိ ပဿတိ၊ သာဿ ဟောတိ သမ္မာဒိဌိ- ရဟန်းတို့ ရဟန်းသည်မမြဲသည်သာလျှင်ဖြစ်သော ရုပ်ကို မမြဲဟုရှုမြင်၏။ ထိုရဟန်း၏ ထိုရှုခြင်းသည် သမ္မာဒိဌိ အမြင်မှန်ပေတည်း" [သံ၊၂၊၄၂]
ဤသို့ အစရှိသောခန္ဓသံယုတ် ဒေသနာတော်တို့နှင့်လည်းညီညွတ်၏။ မဟာသတိပဌာနသုတ်လာ ခန္ဓဓမ္မာနုပဿနာ၌လည်း အတွင်းဝင်၏။
ထိုပြင် "ဖောဌဗ္ဗေ ဘိက္ခဝေ ဟောနိသော မနသိကရောထ၊ ဖောဌဗ္ဗာနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ-ရဟန်းတို့ တွေ့ထိရသော အာရုံတို့ကို သင့်လျော်မှန်ကန်စွာ နှလုံးသွင်းကြ၊ ရှုကြကုန်လော့၊ တွေ့ထိရသော အာရုံတို့၏ မမြဲခြင်းကိုလည်း ဟုတ်တိုင်း မှန်စွာ ရှုကြကုန်လော့"။
"အနိစ္စေဟေဝ ဘိက္ခဝေ ဘိက္ခု ဖောဌဗ္ဗေ အနိစ္စာတိ ပဿတိ သာဿ ဟောတိ သမ္မာဒိဌိ- ရဟန်းတို့ ရဟန်းသည် မမြဲသည်သာလျှင် ဖြစ်ကုန်သော တွေ့ထိရသော အာရုံတို့ကို မမြဲကုန်ဟု ရှုမြင်၏။ ထိုရဟန်း၏ ထိုရှုခြင်းသည် သမ္မာဒိဌိအမြင်မှန်ပေ တည်း"။
"ဖောဌဗ္ဗေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗောဒုက္ခက္ခယာယတွေ့ထိရသော အာရုံတို့ကို ရှေးရှုသိလျှင်၊ ပိုင်းခြားသိလျှင် တပ်မက်ပြယ်စေလျှင် ပယ်စွန့်လျှင် ဆင်းရဲ ကုန်ခြင်းငှာ (ဆင်းရဲကုန်ရာ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်း ငှာ )ထိုက်ပေ၏။" [ သံ၊ ၂၊ ၂၅၀ ]
"ဖောဠဗ္ဗေ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ၊ ဝိဇ္ဇ ဥပ္ပဇ္ဇတိ-တွေ့
ထိရသော အာရုံတို့ကို မမြဲဟု သိမြင်သောသူအား အဝိဇ္ဇာကိုပယ်အပ်၏။ (အဝိဇ္ဇာ ကင်းပျောက်၏) ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်၏။"
[သံ၊ ၂၊ ၂၅၂]
ဤသို့ အစရှိသော သဠာယတနသံယုတ်ဒေသနာ ပါဠိတော်နှင့်လည်း ညီညွတ်၏၊ မဟာသတိပဌာနသုတ်လာ အာယတန ဓမ္မနုပဿနာ၌လည်း အတွင်းဝင်၏။
ထို့ပြင် "ယာ စော ခေါပန အဇ္ဇုတ္တိကာ ဝါဟောဓာတု၊ ယာ စ ဗာဟိရာ ဝါဟောဓာတု၊ ဝါဟောဓာတုရေဝေသာ၊ တံ ပနေတံ မမ၊ နေသာဟမသ္မိ၊ န မေသော် အတ္တာတိ ဧဝ
မေတံ ယထာဘူထံ သမ္မပ္ပညာယ ဒဌဗ္ဗံ-အကြင် ကိုယ်တွင်း ဝါေယာဓာတ်သည်
လည်းကောင်း၊ အကြင်ကိုယ်ပ ဝိေယာဓာတ်သည်လည်းကောင်း ရှိ၏။ ၎င်းဝါေယာ
ဓာတ်ကို 'ဤသည်ကား ငါ့ဥစ္စာမဟုတ်၊ ဤသည်ကား ငါမဟုတ်၊ ဤသည်ကား ငါ့အတ္တမဟုတ် ဟုဤသို့ အမှန်သသောပညာဖြင့် ဟုတ်တိုင်းမှန်ကန်စွါ ရှုမြင်အပ်၏။"
[မ၊၂၊၂၈၅။]
ဤသို့ အစရှိသော် ဓာတုဒေသနာ ပါဠိတော်တို့နှင့်လည်း ညီညွတ်၏။ မဟာသတိ ပဌာနသုတ်လာ ဓတုမနသိကာရ ကာယာနုပဿနာ၌လည်း အတွင်းဝင်၏။
ထို့ပြင် ဝမ်းဗိုက်၏ ဖောင်းမှု ပိန်မှု ဝါေယာရုပ်သည်ရုပ်သည် ရုပ်ဥပါဒါနက္ခန္ဓာ သစ္စတရားတော်ဖြစ်သောကြောင့် "ကတမဉ္စ ဘိက္ခ အရိယာသစ္စံ၊ ပဉ္စုပါဒါနက္ခန္ဓာတိဿ
ဝစနီယံ - ရဟန်းတို့…… ဒုက္ခအရိယာသစ္စာ ဟူသည် အဘယ်နည်း၊ ဥပါဒါနက္ခန္ဓာငါးပါး
ပင်ဟူ၍ ဖြေဆိုအပ်၏။
[သံ၊ ၂၊ ၃၇၃]
"ဒုက္ခ ဘိက္ခဝေ အရိယသစ္စံ ပရိညေယျံ - ရဟန်းတို့ ဒုက္ခအရိယသစ္စာကို ပိုင်းခြား၍ သိအပ်၏။
[သံ၊ ၃၊၃၈၂]
ဤသို့ အစရှိသော သစ္စဒေသနာ ပါဠိတော်တို့နှင့်လည်း ညီညွတ်၏။ မဟာသတိပဌာနသုတ်လာ အရိယသစ္စာဓမ္မာနုပဿနာ၌လည်း အတွင်းဝင်၏။
ဤမျှဖြင့် ထုတ်ပြလတ္တံ့သော အခန်း(၅)မှ ညွှန်ပြချက်တို့နှင့်အညီ ' ဖောင်းတယ် ပိန်တယ်' ဟုရှုမှတ်လျက်တောင့်တင်းမှု၊ လှုပ်ရှားမှုကို မှန်စွာသိမြင်ခြင်းသည် ဘုရားဟောဒသနာတော် ပါဠှိတော်တို့၌ အတွင်းဝင်၍ ဘုရားအလိုတော်နှင့် ညီညွတ် ကြောင်း ကောင်းကောင်းကြီး သိသာထင်ရှားလေပြီ။
ဤအခန်း၌ ရှုမှတ်ပုံနှင့်ဉာဏ်ဖြင့် တွေ့မြင်ပုံ တို့ကို ပဋိပတ္တိက္ကမ - ကျင့်စဉ်အတိုင်း ရှင်းလင်းစွာပြအံ့။ သုတနည်းသူများအားလည်း အလွယ်တကူ နားလည်စေရန် အရပ်သုံးစကားနှင့် အသံမှန်အတိုင်း ရေးသားချက်တို့လည်း များစွာပါဝင်လတ္တံ့။ သာဓကပါဠိနှင့် အသင့်ယုတ္တိ ကိုလည်းအနည်းငယ်သာပြအံ့။ ယုံမှားဖွယ်ကို တွေ့ခံ့လျှင် ဝိပဿနာရှုနည်းကျမ်းကြီးတွင် တစ်ပါးသော အခန်းတို့၌ ပြထားသော ဆိုင်ရာဆိုင်ရာ ပါဠိနှင့် ဝိနိစ္ဆတို့ကို ကြည့်ရှု၍ ယုံမှားကိုပယ်နိုင်ပါစေ။
ယခုဘဝမှာပင် မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်အောင် တကယ်တမ်း အားတုတ်လို သောသူသည် အားထုတ်မည့်ကာလအတွင်း၌ပင် ပလိဗောဓ - ကြောင့်ကြမှု ဟူသမျှကို ပြတ်စဲစေအပ်၏။(ဝိပဿနာရှုနည်းကျမ်း) အခန်း(၁)၏ အဆုံး၌ ပြခဲ့သည့်အတိုင်း သီလ ကို စင်ကြယ်စေအပ်၏။ ဤသီလသည် မဂ်ဉာဏ်အား ကျေးဇူးပြုပါစေဟု စိတ်ကိုညွတ် စေအပ်၏။ တရားအားထုတ်ဖူးသော ပုဂ္ဂိုလ်ကိုကဲ့ရဲ့ ပြစ်မှားဖူးတဲ့အတွက် အရိယူပဝါဒ ကံ၌ ယုံမှားရှိလျှင် ပြစ်မှားဖူးသော ထိုပုဂ္ဂိုလ်အား သည်းခံပါဟု ကန်တော့တောင်းပန်အပ် ၏။ ထိုပုဂ္ဂိုလ်အထံသို့ မသွားနိုင်လျှင် ဆရာသမားထံ၌ ကန်တော့ တောင်းပန်အပ်၏။ မိမိကိုယ်ကို ဘုရားအားစွန့်လှူ အပ်နှင်းထားလျှင် "အားထုတ်ဆဲ၌ ကြောက်ဖွယ်အာရုံ ထင်ပေါ်လာသော်လည်း အကြောက်ကင်းခြင်း အကျိုးရှိသည်"ဟူ၍ လည်ကောင်း၊ ဆရာ သမားအားအပ်နှင်းထားလျှင် ဆရာသမားက အားမနာဘဲ ဆုံးမသွန်သင်ပြုပြင် ပေးနိုင်ခြင်း အကျိုးရှိသည်" ဟူ၍လည်းကောင်း အဌကထာ၌ မိန့်ဆိုထားသောကြောင့် အားထုတ်မည့် ကာလအတွင်း၌ မိမိကိုယ်ကို ဘုရားအား စွန့်လှူအပ်နှင်းထားခြင်း၊ အား မနာစေဘဲ ဆုံးမသွန်သင်ပါဟု ဆရာအား အပ်နှင်းထားခြင်းသည် ကောင်း၏။
ထိုသို့ မအပ်နှင်းသော်လည်း ဆရာ့စကားကိုရိုသေစွာလိုက်နာ၍ မဆုတ်မနစ် အား ထုတ်သွားလျှင်ကား ရသင့်ရထိုက်သောဉာဏ်ထူး တရားထူးများကို ရနိုင်သည်သာတည်း ရုပ်နာမ် ခန္ဓာဟူသော ဆင်းရဲခပ်သိမ်း၏ ငြိမ်းရာနိဗ္ဗာန်သည် ကောင်းမြတ်၏၊ ထိုနိဗ္ဗာန် ကို မျက်မှောက်သိမြင်လျက် ကိလေသာတို့ကို ကင်းစေနိုင်သော မဂ်တရားသည်လည်း ကောင်းမြတ်ပါ၏။ ထိုမဂ်တရား နိဗ္ဗာန် တရားထူးများကို ဤဝိပဿနာအကျင့်ဖြင့်ဧကန် မုချ တွေ့မြင်ရပေတော့မည်ဟု စိတ်ကိုညွတ်စေအပ်၏။ ဘုရားရဟန္တာ အရိယာ သူမြတ်တို့ ၏ သွားမြဲလမ်းဖြစ်သော ဝိပဿနာ အလုပ်ကို အားထုတ်ရပေတော့မည်ဟု ဆင်ခြင် လျက်စိတ်ကို တက်ကြွစေအပ်၏။
ထိုနောက် မြတ်စွာဘုရား၏ ဂုဏ်တော်များကိုတတ်သိသမျှ နှလုံးသွင်း၍ ရှိခိုးကန် တော့အပ်၏၊ကျောင်းစောင့်နတ်များမှစ၍ ခပ်သိမ်းသော သတ္တဝါတို့ကို "ချမ်းသာကြပါ စေချမ်းသာကြပါစေ"ဟု မေတ္တာပို့အပ်၏။ အသုဘနှင့် သေခြင်းတရားတို့ကိုလည်း စွမ်းနိုင်ပါက တစ်ခဏမျှ နှလုံးသွင်း ဆင်ခြင်အပ်၏၊ ထို့နောက် ထက်ဝယ်ဖွဲ့ခွေ၍ဖြစ်စေ၊ တစ်ပါးသော ထိုင်နည်းဖြင့်ဖြစ်စေ ထိုင်နေပြီးလျှင် အောက်ပါအတိုင်း ရှုမှတ် အားထုတ်ပါ လေ၊ခြေအချင်းချင်းမဖိမညှပ် ချောင်ချိစွာထိုင်လျှင်သာ၍ ကောင်း၏။